ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကျင်းပ

ရှမ်းရွာသစ်  ဇန်နဝါရီ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က ကျောင်းသား/သူလေးများအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာပေအသိပညာများ တိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို အစဉ်အမြဲ အောက်မေ့သတိရစေရန် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “ပြည်ထောင်စုနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီဆွဲပြိုင်ပွဲကို ပြုလုပ်ခဲ့ရာ အထက်တန်းအဆင့်နှင့်အလယ် တန်းအဆင့် ကျောင်းသား/သူ(၁၈)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုများပေးအပ်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကိုလည်း အသီးသီးပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)