ရေနံချောင်း ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသိမ့်သိမ့်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကလေးသူငယ်များသည် စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ် စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ရောက်ရှိနေကြခြင်းမှာ ကလေး၏ အနာဂတ်ကိုသာမက နိုင်ငံ၏ အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့်အတွက် ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်ဌေးက အသက်(၁၄) နှစ်မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ ဆိုင်၊ အလုပ်ဌာန၊ အများပျော်ရွှင်ရေး အလုပ်ဌာနများတွင် လုပ်ခွင့်မပြုကြောင်းနှင့် အသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်မပြည့်သေးသူကို အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်း ဆရာဝန်၏ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ကြောင်း စသည့် ကလေးအလုပ်သမား၏ အသက်အရွယ်များနှင့် အလုပ်ချိန် ကန့်သတ်ချက်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံး ဒုမြို့နယ်ဥပဒေအရာရှိ ဦးဟိန်းစိုးထွန်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)