ပဲခူး ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို အမြန်ဆုံးအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ချမှတ်ပေးထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အတူပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာသည့် MSMEs ထွက်ကုန်များသည် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အဓိကထားအသုံးပြုရန်နှင့် အရည်အသွေးနှင့်ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရန်လိုအပ်ပြီး မြေလပ်မရှိစိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်းသီးနှံစိုက်စွမ်းအား၊ သီးထပ်စွမ်းအား ပိုမိုတိုးတက်စေရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မကြာမီဘဏ္ဍာရေးနှစ်ကုန်ဆုံးတော့မည်ဖြစ်၍ သတ်မှတ်ထားသည့် တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး သက်ဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား/သူများ နီးစပ်ရာစာသင်ကျောင်းများတွင် ကျောင်းတတ်နိုင်ရေးနှင့် အချိန်မီစာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရုံးလုပ်ငန်းနှင့်ရုံးစာများလုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်နှင့် Social Media ပေါ်မှ သတင်းအမှားများနှင့်ပတ်သက်၍ သတင်းအဆိပ်သင့်မှုများမဖြစ်ပေါ်စေရေး အောက်ခြေဌာနဆိုင်ရာများသို့ အသိပေးရှင်းလင်းပြောကြားသွားရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအလိုက် လျှပ်စစ်မီးသုံးစွဲမှုစနစ်တကျဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ရသင့်ရထိုက်သည့် အခွန်ငွေနှင့် ကြွေးကျန်ကိစ္စရပ်များအပေါ် ဖြေရှင်းဆောင်ရွက်သွားရမည့်နည်းလမ်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများရှိ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက အေးချမ်းတည်ငြိမ်စွာ ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပညာသင်ကြားမှုဆိုင်ရာကိစ္စရပ်များ၊ အားကစားယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့် သီးခြားလိုအပ်ချက်များအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဌာနတစ်ခုချင်းအလိုက် တင်ပြချက်များပေါ် အသေးစိတ်ပြန်လည်လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)