မိုးညို ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး(Kaeru Caravan) ကစားနည်း(၉)မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မိုးညို)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်က သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများလိုက်လံကြည့်ရှုခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ စောင်ဖြင့်ထမ်းစင်ပြုလုပ်နည်းနှင့် သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီ ပြုလုပ်နည်းများ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါကဆောင်ရွက်ရမည့် နည်းစနစ်များ၊ မီးလောင်မှုကိုဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုစုနည်းစသည့် Game(၉)မျိုးဖြင့် လေ့ကျင့်သင်ကြားပညာပေးဆောင်ရွက်ခြင်းကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)