နွေစပါးကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်းကွင်းသရုပ်ပြ မြေဩဇာများထောက်ပံ့

ဘားအံ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေစပါး ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့နယ်၊ နောင်လုံအနောက်ကျေးရွာအုပ်စု၊ ကော့မကယ်ကျေးရွာ၊ အကွက်အမှတ် ၁၁၆၆(ခ)၊ ကော့ မကယ်ကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် (၁)ဧက ၄၈၀၀၀ ကျပ်သာကုန်ကျမည်ဖြစ်ပြီး ကောက်စိုက်သမလုပ်အားခနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာစေသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ် ကြောင်း၊ သီးနှံအတွက် လိုအပ်သည့် ယူရီးယာနှင့်သဘာဝမြေဩဇာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တွဲဖက်၍ အချိုးကျ အကျိုးရှိရှိ သုံးစွဲကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နွေစပါးစိုက်တောင်သူတစ်ဦးက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်တောင်သူများအား ယူရီယားဓာတ်မြေဩဇာ(၁၀)အိတ်နှင့် သဘာဝမြေဩဇာ(၂၀)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသောတောင်သူများနှင့်အတူ ဘားအံမြို့၊ အမှတ်(၂၀)စက်မှု လယ်ယာစခန်းမှ ကူဘိုတာခြေက်တန်းသွားကောက်စိုက် စက်(၂)စီး၊ လက်ဆွဲကောက်စိုက်စက် (၂)စီးတို့ဖြင့် နွေစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ယဉ်ကျေးမှုအဖွဲ့များ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)