ကျောက်မြောင်း အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ တို့ ပူးပေါင်းဆောင်ရွက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတွင် ပါဝင်သော ရွှေတိုက် ကျေးရွာ၌ ကျေးရွာတွင်းလမ်းခြင်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လမ်းခင်းခြင်းကို အောက်တိုဘာလ (၂၄) ရက်နေ့မှ စတင်ပြီး ကျေးရွာတွင်းလမ်းကို လမ်းအကျယ် ပေ(၁၈)၊ အရှည်ပေ (၁၁၀၀) ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရာ ယခု ပေ(၆၀၀) အထိပြီးစီး နေပြီဖြစ်ကြောင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းမှ ဥက္ကဋ္ဌ ဦးညွှန့်လွင်ပြောကြားချက်အရ သိရသည်။
ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေကျပ် (၂၆၃ဒသမ၄)သိန်းဖြင့် ရွှေတိုက်ကျေးရွာတွင် စွမ်းဆောင် ရည်မြှင့်တင်ရေး လုပ်ငန်းများ၊ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများနှင့် ကျေးရွာဝင်ငွေတိုးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။
ရွှေတိုက်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၁၅၀)အိမ်ရှိပြီး၊ စဉ့်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် စိတ်အား ထက်သန်ကြပြီး၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာရန် ဒေသခံများက မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)