ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသော အာလူးစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး သီးနှံစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဆောင်းရာသီအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးသော အားလူစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ ကျွန်တော် ချောင်းရေတင်ပြီး ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးပါတယ်။ ဒီနှစ်တော့ မစိုက်တာကြာပြီဖြစ်တဲ့ အားလူးကို အရှည်ပေ (၅၀)ရှိတဲ့ မြေဘောင် (၃၀)မှာ ပိဿာချိန် (၁၀၀) စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ ဆေးဖိုး၊ လုပ်အားခအပါဝင် ငွေကျပ် လေးသိန်းခန့် ကုန်ကျပါတယ်။ အခုအခါ အာလူးစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပါတယ် ” ဟု မကျည်းအင်း ကျေးရွာ၊ အာလူးစိုက်ပျိုးသူ ဦးမျိုးမင်းက ပြောသည်။

အဆိုပါ အာလူးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်အသုံးပြုရေး စသည့်စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီ၌ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်သီးနှံစုံနှင့် အခြားသီးနှံများ စိုက်ပျိုးကြသည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)