ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် လူငယ်များ ဗလငါးတန်ပြည့်စုံရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တို့ ပူးပေါင်း၍ "လူငယ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး" ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကွန်ပျူတာတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် "နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်အတွက် မိမိတို့တတ်မြောက် ထားသည့် ကွန်ပျူတာနည်းပညာရပ်များဖြင့် အထောက်အကူပြုနိုင်သည့် ကျောင်းသား/သူများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းဖြင့် အသိ ညဏ်ပညာ ဗဟုသုတများ တိုးတက်ကြွယ်ဝလာမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများဟာ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင် ကောင်းများ ဖြစ်အောင်ကြိုးစားစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး"  ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် "လူငယ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး" စကားဝိုင်း ကို အစီအစဥ်တင်ဆက်သူအဖြစ် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေ၊ ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်းတို့နှင့်အတူ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်ဇာနည်ထွဋ် က "အဂတိလိုက်စားမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် လူငယ်များ၏အခန်းကဏ္ဏ"၊ မဝတ်ရည်ဖြိုးက "အဂတိ လိုက်စားမှုလျော့ချရေးနှင့် အသိပညာပေးလုပ်ငန်းများ၏ အရေးပါမှု"၊ မောင်မျိုးမော်ထွန်းက "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူများ၏ အခန်းကဏ္ဏ"၊ မနော်ပြုံးမာန်ဖူးက "အဂတိ လိုက်စားမှုလျှော့ချရေးအတွက် တရားဥပဒေစိုးမိုးရေး" စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများနှင့် စကားဝိုင်းတွင် ဦးဆောင် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင် ဆွေးနွေးသူများအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်‌အောင်က အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကာ တာဝန်ရှိသူများနှင့် စကားဝိုင်းဆွေးနွေးသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်း၊ ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၂၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)