ရေဖြူ ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကျောင်းအခြေပြု မီးဘေးနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေး အသိပညာပေး အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က ရေဖြူ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကိုမင်းက ပညာပေးအစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရေဖြူမြို့၊ (က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲတင့်က အသိပညာပေး အစီအစဉ်ပြုလုပ်ဆောင်ရွက်မှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အသက်ကယ်အင်္ကျီမရှိသောအခါ ရေသန့်ဗူးများဖြင့် အသက်ကယ်အင်္ကျီ ဘယ်လိုလုပ်ကြမလဲ၊ အိမ်မှာရှိတဲ့ ပစ္စည်းများနဲ့ ဘယ်လို ရှေးဦးသူနာပြုစုကြမလဲ၊ စောင်တစ်ထည်အသုံးပြု လူနာသယ်ဆောင်နည်း၊ (လောင်စာ၊ မီးတောက်၊ မီးငြှိမ်းသတ်ရေး)၊ သဘာဝဘေးအန္တရာယ် ကြုံတဲ့အခါ ဘယ်ပစ္စည်းတွေ ယူသွားကြမလဲ၊ စသည့် ပညာပေးအစီအစဉ် (၁၀)မျိုး ပါဝင်သည့် ကစားနည်းများဖြင့် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကစားခဲ့ကြရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူအုပ်စုအဖွဲ့များအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခတ္တာ