ရွှေဘို အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်က သုံးမွှာပူး ကလေးငယ်များ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်ထံမှ သိရ သည်။
အဆိုပါ သုံးမွှာပူးကလေးမိခင်မှာ ရွှေဘိုမြို့နယ် ယောင်ထွဋ်ကိုင်း ကျေးရွာမှ အသက်(၃၆)နှစ် အရွယ်မဖြူအေးဖြစ်ပြီး ၎င်းကို ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာမြသဉ္ဇာနွယ်နှင့် ကျန်းမာရေးဝန်ထမ်းများက ယမန် နေ့ မွန်းလွဲ (၂) နာရီ (၅၂) မိနစ်က ပထမကလေးငယ်ကိုလည်းကောင်း၊ (၂)နာရီ (၅၃)မိနစ်က ဒုတိယကလေးငယ်ကို လည်း ကောင်း၊ (၂)နာရီ (၅၃)မိနစ်က တတိယကလေးငယ်ကို လည်းကောင်း အသီးသီး အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ ကြောင်း သိရပြီးကလေးငယ်(၃)ဦးစလုံး မိန်းကလေးများ ဖြစ်ကြောင်းနှင့် ကလေးများပေါင်ချိန်ပြည့်မီပြီး မိခင်ပါကျန်းမာ လျက်ရှိကြောင်း ရွှေဘိုခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်မှပြောကြားသည်။
ထိုအမျိုးသမီး မဖြူအေးသည် ပထမအကြိမ် မီးဖွားရာမှ မိန်းကလေးတစ်ဦး၊ ဒုတိယအကြိမ် မီးဖွားရာမှ မိန်းကလေးအမွှာပူးနှင့် ယခုအကြိမ် မီးဖွားရာမှ မိန်းကလေးသုံးမွှာပူး မွေးဖွားခဲ့ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ပြန်/ဆက်)