သရက်ချောင်း ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးဒေါ်စန်းမွှေးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးဦးတည်ချက်များကိုချမှတ်ပြီး အကာင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမူရေးဦးတည်ချက်(၃)ရပ်အနက် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာရေးအတွက် အခြေခံပညာစာသင်ကျောင်းများမှ ဆရာ/ဆရာမများရဲ့ ပဲ့ပြင်သွန်သင်ဆုံးမ ပြုစုပျိုးထောင်သင်ကြားပေးမှုများနဲ့ ဘက်စုံထူးချွန်တဲ့ ကျောင်းသား/သူ၊ လူငယ်မောင်မယ်များ မွေးထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါဘက်စုံထူးချွန်တဲ့ ကျောင်းသား/သူများအား အခုလိုစုံညီပွဲတော်ကျင်းပပေးရခြင်းနှင့် ဘက်စုံပညာရည်ချွန်ဆုများ ပေးအပ်ခြင်းတို့ကိုပြုလုပ်ပြီး လူငယ်မောင်မယ်များရဲ့ ကြိုးစားအားထုတ်မှုအပေါင်းကို မြှင့်တင်ဆောင်ရွက်ပေးလျက် ဘက်စုံထူးချွန်သော ကျောင်းသား/သူများကို အားကျအတုယူစေဖို့အတွက် စုံညီပွဲတော်ရဲ့အနှစ်သာရနှင့်အတူ ဖော်ထုတ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခုအချိန်ခါတွင် ကျောင်းသား/သူ၊ လူငယ်မောင်မယ်များရဲ့ ဘက်စုံဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံမှဆောင်ရွက်ပေးလျက်ရှိပြီး၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂတည်းဟူသော ဗလငါးတန်အင်အား(၅)ရပ် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရဲ့ ဒီကနေ့ကျင်းပပြုလုပ်တဲ့ ပညာရေးစုံညီပွဲတော်နဲ့ ဘက်စုံပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲမှာ အလွန်တန်ဖိုးရှိလှတဲ့ ကျောင်းသား/သူများတွေ့ရပြီး၊ အရည်အချင်းပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်းများအဖြစ် ဆက်လက်ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသားမိဘများက ဝိုင်းဝန်း၍ အထောက်အကူပြု ဆောင်ရွက်ပေးကြလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်စန်းမွှေးက ပညာရေးစုံညီပွဲကျင်းပပြုခြင်းနှင့် ပတ်သက်၍ ရှင်လင်းဆင်းဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် ဆရာ/ဆရာမတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆုများအသီးသီးရရှိသော မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးခဲ့ပြီးနောက် အမက-ဆင်ဖြူပြင်ကျောင်းမှ ကျောင်းသား/သူများက "ထာဝရသစ္စာ"သီချင်းဖြင့်လည်းကောင်း၊ အ.မ.က(၁)မြို့မကျောင်းမှ ကျောင်းသား/သူများက "ရွှေဝယ်သူ" သီချင်းဖြင့်လည်းကောင်း၊ မူလွန်ပန်းတောကျောင်းမှ ကျောင်းသူများက "အလှကမ္ဘာမြေ"သီချင်းဖြင့်လည်းကောင်း၊ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများက "မြန်မာမူမှန်" သီချင်းဖြင့်လည်းကောင်း၊ အထက(ခွဲ)တီထွတ်ပြင်ကျောင်းမှ ကျောင်းသူများက "လောကအားမန်"သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးက ပညာရေးဌာနမှဆောင်ရွက်သော အခမ်းအနားများတွင် စေတနာ ထက်သန်စွာ ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက "စုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)