လှိုင်းဘွဲ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြတ်လွင်က ဘက်စုံထူးချွန်းသော ကျောင်းသား၊ကျောင်းသူများ ဖြစ်လာစေရန် ကျောင်းစာအပြင် အသိပညာဗဟုသုတများ လေ့လာဆည်းပူရန် လိုအပ်ကြောင်း၊ ဟောပြောပွဲမှ ရရှိလာသော အသိပညာ ဗဟုသုတများသည် ကျောင်းသား၊ကျောင်းသူများအတွက် မှတ်သားလိုက်နာပြီး မိမိဘဝအတွက် အသုံးချတတ်ရမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ကျောင်းသူများအတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာရန်အတွက် လေ့လာဆည်းပူးရမည့် ပညာများ၊ လိုက်နာရမည့် ကျင့်ဝတ်များကို အသိပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့ကို လိုက်နာ မှတ်သားဖွယ်ရာ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး အန္တရာယ်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ နိုင်ငံတော်မှ ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်မှုများ၊ လူကုန်ကူးခံရနိုင်သည့် အကြောင်းအရာများကို ပြသထားရာ ကျောင်းသား၊ကျောင်းသူများ စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ သိရှိလိုသည့် အကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အသေးစိတ် ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)