ဟားခါး ဇန်နဝါရီ ၂၆
၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂) ကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ ၊ ဆပ်ကော်မတီ များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ချင်းအမျိုးသားနေ့အခမ်းအနားသည် နိုင်ငံတော်နှင့်ပြည်နယ်၏ ပုံရိပ်ကိုထင်ဟပ်သည့် ပွဲတော်ဖြစ်ကြောင်း၊ အယ်နီညိုရာသီဥတုအရ ရာသီဥတုအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်၍ Plan (A) ၊ Plan ( B ) ရေးဆွဲ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတက်ရောက်လာကြသည့် ကော်မတီဝင်များက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေ လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က ချင်းအမျိုးသား နေ့အခမ်းအနားသည် ချင်းပြည်နယ်၏ အလေးအနက်ထားဂုဏ်ပြုသည့် အခမ်းအနားဖြစ်သည့် အားလျော်စွာစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်းနှင့် ဆပ်ကော်မတီအလိုက် ယခင်အတွေ့အကြုံများ အပေါ်မူတည်၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပေးခဲ့သည့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ကော်မတီအလိုက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အချက်များနှင့် ခန့်မှန်းကုန်ကျစရိတ်များ များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆပ်ကော်မတီအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးစိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြုံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)