ပခုက္ကူ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်ပြီး ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုကို ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး ဒေါက်တာဝေဝေဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဦးဆန်းမင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါများအပါအဝင် အထွေထွေရောဂါများစမ်းသပ်စစ်ဆေးကုသပေးခြင်း၊ ခရိုင်တိုင်းရင်းဆေးရုံမှ ဆရာ၊ ဆရာမများက တိုင်းရင်းဆေးပညာဖြင့် စမ်းသပ်စစ်ဆေးကုသပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၃၇၅)ဦးတို့အား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီသုံးဆယ်ကျပ်သား၊ ကုလားပဲနှစ်ဘူးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)