တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် မြိတ်ခရိုင်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ

မြိတ်   ဇန်နဝါရီ   ၂၆

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီက မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ဥပဒေရုံးသို့ ရောက်ရှိပြီး ကျရောက်ဆဲ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့သည့် ကျွန်းစုမြို့နယ်ဥပဒေရုံး၊ မြေထိန်းနံရံတည်ဆောက်ပြီးစီးမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက်  မြိတ်ခရိုင်ဥပဒေရုံး၌  အရာထမ်း၊ အမှုထမ်းများအား နေ့လယ်(၁)နာရီတွင် တွေ့ဆုံခဲ့ရာ မြိတ်ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး  မြိတ်ခရိုင်ဥပဒေအရာရှိ ဦးအောင်သန်းစိုး၊  မြိတ်မြို့နယ်ဥပဒေအရာရှိ ဒေါ်ရတနာအောင်ကိုး၊ ကျွန်းစုမြို့နယ် ဥပဒေအရာရှိ ဒေါ်ခိုင်ကေသွယ်တို့က ခရိုင်/မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခဲ့ကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းသန်းက ဥပဒေရုံးများအနေဖြင့် အများပြည်သူ ယုံကြည်လေးစားရသော ရုံးများဖြစ်စေရေး၊ ဥပဒေအကြံ ဉာဏ်ပေးရာတွင်လည်းကောင်း၊ တရားစွဲ နှင့်အမှုလိုက်ပါ ဆောင်ရွက်ရာတွင်လည်းကောင်း ဥပဒေနှင့်အညီဖြစ်စေရေး၊ အမှုလက်ကျန်လျော့နည်းကျဆင်းရေးတို့အတွက် အထူးလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးညွန့်လွင်က အရာထမ်း၊ အမှုထမ်းများ အနေဖြင့် လုပ်ငန်းလိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး  တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် က မြိတ်ခရိုင်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား နှစ်သစ်လက်ဆောင်ပစ္စည်းများအား ပေးအပ်၍  နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)