ဒိုက်ဦး ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်အ.ထ.ကကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဆွေသက်အောင်က လူငယ်စကားဝိုင်းကျင်းပခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ငယ်ရွယ်စဉ်မှစ၍ အသိပညာအတတ်ပညာများကိုလေ့လာဆည်းပူးရန်၊ အတွေးအခေါ်ထက်မြက်ဖို့၊ အခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့၊ ပြသာနာများကိုနည်းမှန်လမ်းမှန်ဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဘဝကိုတည်ဆောက်နိုင်စေဖို့အပြင် ယနေ့လူငယ်တွေစာဖတ်သည့်အကျင့်ကောင်းများရရှိစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေမှရရှိသည့်အသိပညာများကို သူတစ်ပါးအားမျှဝေပေးနိုင်ရန်၊ လူထုအကြားအပြန်အလှန်ဆွေးနွေးမေးမြန်းဖြေကြားနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းကိုဦးဆောင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဆွေသက်အောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမျိုးမြင့်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဦးမြတ်ဇော်ထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ကြည်မာသင်းတို့နှင့်အတူ Grade-10 နှင့် Grade-11 တို့မှ ကျောင်းသား/သူ(၅)ဦးတို့က အပြန်အလှန်ဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် လူငယ်နှင့်အောင်မြင်ရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်စားသုံးသူအခွင့်အရေး၊ လူငယ်နှင့်အားကစား၊ ကလေးသူငယ်အခွင့်အရေးစသည့် ခေါင်းစဉ်များဖြင့် အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အိမ်ခြေလေးဆယ်အထက်တန်းကျောင်းမှ ဆရာ/ဆရာမ ၁၁ ဦးနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၃၅)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)