အုတ်ဖို ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နေ့လည် ၂ နာရီက ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးကျော်အောင် က မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့် ရှိစေရေး၊ အသေးစားမီးသတ်စက်များအဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ စနစ်တကျရှိစေရေးနှင့် ဈေးသူဈေးသားများမှ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး၊ မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်နှင့် ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အလားတူ အိုးသည်ကုန်းမြို့မစျေးနှင့် အေးမြသာယာကျေးလက်စျေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)