နတ်မောက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံသားကောင်းများဖြစ်ပေါ်စေရန်  ပြိုင်ပွဲကျင်းပပေးရခြင်းကြောင်းနှင့်  ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အလယ်တန်းအဆင့် ကျောင်းသား/သူများမှ “ညီညွတ်မှုဖြင့်ရှေ့သို့ချီ ပြည်ထောင်စုရဲ့ပန်းတိုင်ဆီ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူစုစုပေါင်း (၃၄)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း