ပြည်ကြီးမဏ္ဍိုင်မြို့၌ ခရမ်းပင်များအား စီးပွားဖြစ်စိုက်ပျိုး

ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍  စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များအား  စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊  ဉယျာဉ်ခြံများတွင်လည်းကောင်း သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊  ပဲသီး၊  ခရမ်း၊  ဉမုန်လာ၊ ဆလပ်၊  ပန်းဂေါ်ဖီနှင့်   အခြားဟင်းသီးဟင်းရွက် မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာခရမ်းပင်များအား မျိုးစေ့များကိုကျဲပြီးမှ အပင်ပေါက်များအား ကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးခြင်း၊ ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ပိုး သတ်ဆေးများပက်ဖျန်းပေးခြင်းဖြင့်  ပြုစုစိုက်ပျိုးပြီး  ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ရာ(၂) ရက်ခြား တစ်ကြိမ် ခူးဆွတ်ရောင်းချကြောင်း သိရသည်။

ခရမ်းသီး အကြီး(၄)လုံး တစ်တွဲလျှင် (၁၀၀၀)ကျပ်၊အသေး(၅)လုံးတစ်တွဲလျှင်(၁၀၀၀)ကျပ်အထိရရှိပြီး ထွက်ရှိသည့်အသီးများကို  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်နှင့်  လေညာအရှေ့ရပ်ကွက်ရှိ   ဈေးဆိုင်များတွင်  ဖောက်သည်သွင်းကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ  ပြည်သူများသည်  တောင်ယာနှင့်ဥယျာဉ်ခြံများကို  စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)