ပေါက်ခေါင်း ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ ကျက်သရေဆောင်လေးမျက်နှာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲနှင့်ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လေးမျက်နှာစေတီတော် ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿဗုဒ္ဓပဏာမဂါထာတော် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး လေးမျက်နှာစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တတေဇိန္ဒဆရာတော်ကြီးထံမှ ရှစ်ပါးသီလကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့်အတူ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က သာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထားပြီး ထောင်ရကျောင်းတိုက်ဆရာတော်ကြီးထံမှ ဩဝါဒကထာနာယူခဲ့ကြသည်။
ယင်းနောက် လေးမျက်နှာစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများ ဦးဆောင်လျက်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါဝင်ကူညီပြီး မြတ်စွယ်တော်ကိန်းဝပ်ရာ ဂန္ဓကုဋီတိုက်အားဖွင့်လှစ်၍ မြတ်စွယ်တော်ကို ဆရာတော်ကြီးများမှတစ်ဆင့်လက်ခံလျက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က လေးမျက်နှာစေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ပင့်ဆောင်ပြီး ယာယီကိန်းဝပ်စံပါယ် တော်မူမည့်ရွှေပလ္လင်တော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံထားရှိသည်။ ဇန်နဝါရီ ၂၈ ရက်၊ ပြာသိုလပြည့်ကျော် ၃ ရက်နေ့တွင် စေတီတော်ဩဝါဒစရိယဆရာတော်ကြီးများ ဦးဆောင်ကာ ဂေါပကအဖွဲ့များက အခမ်းအနား အစီအစဉ်အတိုင်း မြို့တွင်းသို့ နံနက် ၉ နာရီမှစတင်၍ သတ်မှတ်လမ်းကြောင်းအတိုင်း မြတ်စွယ်တော်အပူဇော်ခံကြွရောက်မည်ဖြစ်ပြီး၊ ပြာသိုလပြည့်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ပြာသိုလပြည့်ကျော် ၄ ရက်၊ ဇနါနဝါရီ ၂၉ ရက်နေ့အထိ (၅) ရက်တိုင်တိုင် မြတ်စွယ်တော်ကို ဖွင့်လှစ်အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)