မုံရွာ ဇန်နဝါရီ ၂၅
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်သမျှသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရရှိစေရန်၊ သီးနှံများတွင် အသုံးပြုလျက်ရှိသော ဓာတုပိုးသတ်ဆေးနှင့် ဓာတုမြေဩဇာများ ဈေးနှုန်းကြီးမြင့်နေမှုအပေါ် ကုစားမိစေရန်၊ သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာစေရန်နှင့် သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ်သုံးစွဲလာခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိ၍ ဝင်ငွေတိုးတက် လာစေရန်တို့အတွက် ရည်ရွယ်၍ ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး(စီမံ) ဦးထွန်းရှိန်နှင့် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး (စိုက်ပညာ) ဦးအောင်ကြည်ဝင်းတို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် ယင်းမာပင်ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက သင်တန်းသို့ တက်ရောက်လာသော သင်တန်းသားများအား နည်းပညာ ပေးစာအုပ်များနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ၊ တိုင်းမျိုးစေ့ဌာနခွဲတို့မှ သင်တန်းနည်းပြဆရာ၊ ဆရာမများက သီးထပ်စွမ်းအား မြှင့်တင်ရေး နည်းပညာများ၊ သဘာဝပိုးသတ်ဆေးပြုလုပ်နည်းကိုလည်းကောင်း၊ အစေ့ထုတ် ပြောင်းသီးနှံတိုးချဲ့စိုက်ပျိုးခြင်း နည်းပညာနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်း တို့ကိုလည်းကောင်း၊ ယင်းမာပင်ခရိုင်ဦးစီးမှူးက အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့ကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ပရိုဂျက်တာများဖြင့် ရှင်းလင်းပြသ၍ အသီးသီးစာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးနောက် အထွေထွေပြန်လည်ဆွေးနွေးခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို တစ်ရက်ကြာဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ယင်းမာပင်ခရိုင်နှင့် မြို့နယ်ရုံးများမှ ဝန်ထမ်း များ၊ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)