သဲကုန်းမြို့နယ်၌ နွေစပါး(Drum Seeder) လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်းဆောင်ရွက်

သဲကုန်း ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ တိုက်ရိုက်စပါး မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းကို ယမန်နေ့က ကွင်းအမှတ်(၉၁၄ က)ညောင်ကုန်းကွင်း၊ ဦးပိုင်အမှတ် ၁၆၃/၁၊ တောင်သူဦးထွန်းစိုး၏ လယ်မြေ(၁)ဧကတွင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ နွေစပါး(Drum Seeder)စိုက်စနစ်စံပြကွက် မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းက Drum Seeder ဖြင့် စပါးတိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများမှာ မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ လူတစ်ယောက်သာလိုအပ်သဖြင့် လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ အတန်းလိုက်စိုက်ပျိုးထားသဖြင့် ကြားပေါင်းလိုက် ကိရိယာအလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ခြင်း၊ ကောက်စိုက်စရိတ်သက်သာခြင်းတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့် မျိုးစေ့ချ စိုက်ပျိုးနေမှုအား သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ ကြည့်ရှုကအားပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)