ရှမ်းရွာသစ် ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်း လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းများနှင့်တွဲဖက်၍ ဆောင်းသီးနှံတစ်မျိုးဖြစ်သော သီးစားပြောင်းဖူးပင်များ တစ်ပိုင်တစ်နိုင် နှစ်စဉ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သီးစားပြောင်းဖူးပင်များစိုက်ပျိုးသည့် တောင်သူများအနေဖြင့် အခြားသီးနှံများထက် ကုန်ကျစရိတ်သက်သာသည့် ပြောင်းဖူးပင်ကို သဘာဝမြေဩဇာဖြစ်သာ တောင်ယာများ၊ လယ်မြေများနှင့် အိမ်ခြံဝင်းများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြောင်း၊ မိသားစုကြော်ချက်စားသုံးနိုင်သည့်အပြင် ပြောင်းဖူးကို အခြောက်လှန်း၍ ပြောင်းဖူးဖက်ကို ဆေးပေါ့လိပ်အဖြစ်သောက်သုံးကြကြောင်း၊ ပြောင်းဖူးစေ့ကို မုန့်လုပ်၍ ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်ပြီး ကလေးလူကြီးမရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းဝယ်ကောင်းကြောင်း၊ ယခင်နှစ်တွင် ပြောင်းဖူး (၁)ဖူးလျှင် ငွေကျပ်(၃၀၀)ကျပ်သာ ရရှိပြီး ယခုနှစ်တွင် ပြောင်းဖူး (၁)ဖူးလျှင် ငွေ ကျပ် (၅၀၀) ထိရရှိသဖြင့် ဒေသနေပြည်သူအများစု သည် အပိုဝင်ငွေရရှိသောကြောင့် တိုးချဲ့စိုက်ပျိုးလာကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။
ရှမ်းရွာသစ်မြို့တွင်မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဖူးစားပြောင်း (၁၆)ဧကနှင့် အစေ့ထုတ်ပြောင်း (၂၆၁)ဧက စိုက်ပျိုးလျက်ရှိကြောင်း၊ အခြားဆောင်း သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲလွန်း၊ ဗိုလ်ကိတ်ပဲ၊ ပဲတီစိမ်းနှင့် ငရုပ်သီးများကို စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)