ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်

ရှမ်းရွာသစ်  ဇန်နဝါရီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား/သူလေးများအား ဉာဏ်ရည်ဉာဏ် သွေးထက်မြက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ စာပေအသိပညာများတိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်းကို အစဉ်အမြဲအောက်မေ့သတိရစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲ များကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူ(၂၂)ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ယှဉ်ပြိုင်ခဲ့ရာ မြို့ဦးစီးမှူးက အမှတ်တရ လက်ဆောင်များချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဆောင်ရွက်မှုများကိုလည်း အခြေခံပညာကျောင်းများသို့ ကွင်းဆင်းပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)