စလင်းမြို့နယ် ကြို့ဝန်းကြီးကျေးရွာ အ.ထ.က(ခွဲ)အခြေခံပညာကျောင်း၌ လူငယ်များဗလငါးတန်ဖွံဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

စလင်း  ဇန်နဝါရီ  ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြို့ဝန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/သူ လူငယ်ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ရည်ရွယ်၍ကျေးလက်ဒေသများအရောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် မွန်းလွဲ(၁)နာရီ ၁၅ မိနစ်အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းဝန်းအတွင်း မျက်နှာစာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကြို့ဝန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလှိုင်က မိမိတို့ကျောင်းရှိ ကျောင်းသား/ သူကလေးငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် မြို့နယ်ဌာနဆိုင်ရာများမှ လာရောက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းသား/ သူ ကလေးငယ်များကို သေချာစွာလေ့လာမှတ်သားကြရန် ပြောကြားကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက စာအုပ်စာပေလေ့လာမှတ်သားဖတ်ရှုခြင်း၏ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူသားမျိုးနွယ်ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် တိုင်းနှင့်ပြည်နယ်များတွင် သဘာဝဘေး နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့သည့် အကြောင်းအရာများနှင့်အတူ သဘာဝဘေးအန္တရာယ်ဖြစ်သော မီးဘေး၊ ရေဘေး၊ ငလျင်ဘေး အန္တရာယ်များ ကျရောက်လာပါက လိုက်နာရမည့် ရှောင်ရန် ဆောင်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်က စားသုံးသူရေးရာနှင့်ပတ်သက်သည့်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်တွင်ဖြစ်ပွားတတ်သည့် အစားအစာများ မှိုတက်သည့်အကြောင်းနှင့် မှိုတက်သော အစားအစာများကို မစားသုံးသင့် မသုံးစွဲသင့်ကြောင်းနှင့် စားသုံးသူရေးရာနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ မိမိတို့ဌာန ပေါ်ပေါက်လာပုံများကို ကျောင်းသားလူငယ်များ နားလည်သဘောပေါက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းသားလူငယ်များ ဖတ်ရှုလေ့လာနိုင်သည့် အသိပညာဗဟုသုတရရှိစေမည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရန်ကပ်ဘုတ်များကို ပြသထားရှိရာ ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြသည်။ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ကြို့ဝန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလှိုင်နှင့် ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူ (၅၀၁)ဦးရှိရာ ဟောပြောပွဲအခမ်းအနားသိုကျောင်းသား/ သူ(၂၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း