လက်ပံတန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

လက်ပံတန်း ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မစည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြမီးငြှိမ်းသတ်ခြင်း၊ ဈေး၀န်ထမ်းများနှင့် ဈေးသူဈေးသားများက မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးလင်းကျော်၏ ကြီးကြပ်မှုဖြင့် ရေပက်ဖြန်းမီးငြှိမ်းသတ် သရုပ်ပြခြင်းများကို သန္ဓေတပ်ဖွဲ့၀င် ၁၅ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့၀င် ၂၀ ဦးတို့က အသေးစားမီးသတ်စက် ၆ စီး၊ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ဖြင့် လက်တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားသို့ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူးဦးဆန်းဝင်းနှင့်အဖွဲ့၀င်များ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ လာရောက်အားပေးခဲ့ပြီး မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)