ကြို့ပင်ကောက် ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဗောဓိရုက္ခအလယ်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းလေးနှင့် ဒုတိယဦးစီးမှူးဒေါ်တင်တင်ဝင်းတို့က စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုလေ့လာရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် အသိပညာပေး နံရံကပ်စာစောင်များကိုပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးရေးအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာကြပြီး သိလိုသည်များကို မေးမြန်ကြရာ မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့မှ ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)