ပွင့်ဖြူ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေးတိုးပွားစေရန်နှင့် ဒေသတွင်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် အာထားစိုက်ပျိုးသည့် ဆောင်းသီးနှံစားတော်ပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်အတွက် စာတော်ပဲသီးနှံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် ထိုသို့ဆောင်းသီးနှံများ စိုက်ပျိုးရာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ သီးသန့်စိုက်ပျိုးမှုများရှိသလို အချို့တောင်သူများက သီးနှံဝင်ငွေပိုမိုရရှိစေရန် အခြားသီးနှံများနှင့်ရောနှော၍ သီးညှပ်စိုက်ပျိုးခြင်းများဖြင့် စနစ်တကျ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့နဲ့ တောင်သူ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက်ရည်ရွယ်ပြီး ဆောင်းသီးနှံစားတော်ပဲစိုက်ပျိုးခြင်းကို တောင်သူတွေက အားထားစိုက်ပျိုး လုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ နောက်ပြီး ဒေသခံတောင်သူတွေကိုလဲ ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်နည်းစနစ်မှန်ကန်စေဖို့နဲ့ သွင်းအားစုပစ္စည်း အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေဖို့အတွက်(မြေ၊ မျိုး၊ ပိုး)တာဝန်ခံဝန်ထမ်းတွေက ဦးဆောင်ပြီးတော့ လိုအပ်တဲ့ တောင်သူနည်းပညာပေးလုပ်ငန်းတွေကို ကြီးကြပ်ဖြည့်ဆည်းဆောင်ရွက်ပေးထားပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ စီးပွားဖြစ်စိုက်ပျိုးထားရှိတဲ့ စားတော်ပဲစိုက်ခင်းတွေဟာ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး စိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ ယခုနှစ်မှာ ဆောင်းသီးနှံစားတော်ပဲ စိုက်ပျိုးမှုအနေနဲ့ တစ်မြို့နယ်လုံး စိုက်ဧက ၃၁၈၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၃၁၉၂ ဧက စိုက်ပျိုးနိုင်ခဲ့လို့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စားတော်ပဲသီးနှံအပါအဝင် ကုလားပဲ၊ မတ်ပဲ၊ ပဲလွမ်း၊ ပဲယင်း၊ ပဲနောက်၊ ပဲကြီး၊ ပဲကြား၊ ထောပတ်ပဲ၊ ပဲပုတ်နှင့် အခြားပဲသီးနှံ စုစုပေါင်း ၃၈၀၈၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပဲမျိုးစုံသီးနှံစိုက်ပျိုးပြီးစီးမှုဧက ၇၂၀၁၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ စိုက်ပျိုးရေအဆင်ပြေမှုနှင့် ရာသီဥတုမျှတကောင်းမွန်မှုကြောင့် သီးနှံစိုက်ခင်းများဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)