ပဲခူး ဇန်နဝါရီ ၂၅
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ယနေ့ကျင်းပပြုလုပ်သည့် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ မြို့နယ်အတွင်းရှိပြည်သူများ ဘောလုံးအားကစားကိုစိတ်ဝင်စားပြီး ပါဝင်လှုပ်ရှားလာစေရေး၊ မြို့နယ်အားကစားအဆင့်အတန်းတိုးတက်လာစေရန်၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြို့နယ်အဆင့်မှခရိုင်၊ တိုင်းဒေသကြီးတို့မှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲရဲ့အနှစ်သာရများ အကောင်အထည်ပေါ်လာအောင် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်းယှဥ်ပြိုင်ကစားကြရန်၊ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့်ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းပြီး တရားမျှတမှန်ကန်စွာဆုံးဖြတ်ဆောင်ရွက်သွားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား ချီတက်အလေးပြုကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးနေမျိုးလွင်နှင့် ပဲခူးခရိုင်အားကစားမှူးဒေါ်သန္တာဝင်းတို့က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ဘောလုံးများထောက်ပံ့ပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းကိုယ်စားပြု ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များက ကျောက်တန်းကျေးရွာအုပ်စုဘောလုံးအသင်းနှင့် ကျောက်ကြီးရပ်ကွက်ကိုယ်စားပြုဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ(အလွတ်တန်း)ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီလ(၂၄)ရက်နေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲအသင်း(၁၅)သင်းပါဝင်ကာ အုပ်စု(၄)အုပ်စုခွဲ၍ ပတ်လည်ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)