မင်းဘူး ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသား/ကျောင်းသူများ ဘက်စုံးထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်စေရန်နှင့် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်နှစ် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာကြသူများနှင့် ကျောင်းသား/ကျောင်းသူအားကစားသမားများက နိုင်ငံတော်အလံအား အလေးပြု၍ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး၊ မင်းဘူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းယုဇံနှင့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာကြီးဦးအောင်ပြည့်ဖြိုးတို့မှ အားကစားမောင်မယ်များအနေဖြင့် အားကစားနည်းမျိုးစုံကို စနစ်တကျယှဉ်ပြိုင်ကစားစေရေး၊ အားကစားစိတ်ဓါတ်ကောင်းမွန်စွာဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားစေရေးနှင့် ကျောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းဂုဏ်ဆောင်နိုင်သော အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဩဝါဒအမှာစကားများ ပြောကြားပြီး အားကစားပစ္စည်များကို ထောက်ပံ့ပေးအပ်၍ ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်နှစ် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းက စီစဉ်ကျင်းပသည့် ကျောင်းသားအားကစားပွဲတော်ကို ယခုလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါပွဲတော်တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ Fitness Dance အကပြိုင်ပွဲ စသည့် ပြိုင်ပွဲပေါင်းစုံကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများက တစ်ဦးခြင်းနှင့် အုပ်စုလိုက်ပြိုင်ပွဲများဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)