ငဖဲမြို့တွင် ပန်းဂေါ်ဖီဟင်းသီးဟင်းရွက် စိုက်ခင်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၏ အရှေ့ဘက်လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ပန်းဂေါ်ဖီဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုပုံမှန်ဝင်ငွေရရှိနေကြောင်း ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချသူ တောင်သူ ဦးမျိုးက ပြောကြားသည်။

သီတင်းကျွတ်လမိုးအကုန်တွင် သီးနှံမျိုးစေ့များကို စတင်ပျိုးထောင်ပြီး သီးနှံတစ်မျိုးချင်းအလိုက် ဘောင်ချ၍ မြေအောက်ရေသွင်းကာ စိုက်ပျိုးရောင်းချကြောင်း၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ စသည့်သီးနှံမျိုးစေ့များကို မင်းဘူးမြို့မှ ဝယ်ယူပြီး မိမိတို့ကိုယ်တိုင်ပျိုးပင်ဖောက်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ လယ်မြေတွင် ပန်းဂေါ်ဖီများကို  စိုက်ကွက်များဖော်၍ ဘောင်ပြုလုပ်ပြီး စိုက်ပျိုးထားရှိကြောင်း၊ ပန်းဂေါ်ဖီအပင်ရက်သား တစ်လခန့်အကြာတွင် ဓါတ်မြေဩဇာနှင့် မြေသားသမသွားစေရန် ကြားပေါင်းလိုက်ပေးရပြီး တစ်ပတ်လျှင်နှစ်ကြိမ်ခန့် ရေသွင်းပေးရကြောင်း၊ သီးနှံပေါ်စ ဂေါ်ဖီထုတ် တစ်ထုတ်လျှင် ငွေကျပ် (၁၅၀၀) ကျပ်နှုန်းခန့် ရောင်းချရပြီး ယခုအခါ အခြားကျေးရွာများမှ ဆောင်းသီးနှံများလှိုင်လှိုင်ပေါ်လာ၍ ငွေကျပ် (၁၀၀၀) မှ (၁၂၀၀) ခန့်သာရောင်းချရကြောင်း၊ ပန်းဂေါ်ဖီနှင့်အတူ ပန်းမုန်လာ၊ ခရမ်းချဉ်၊ ဖူစားပြောင်းနှင့် မေမြို့ပန်းများကိုလည်း စိုက်ပျိုးရောင်းချကြောင်း၊ လယ်မြေမှ ထွက်ရှိသည့် ဆောင်းသီးနှံများကို ငဖဲမြို့မဈေးတွင် မိမိကိုယ်တိုင်ရောင်းချပြီး အခင်းသို့ ဖောက်သည် လာဝယ်သူများရှိကြောင်း၊ ပန်းဂေါ်ဖီနှင့်အခြား ဆောင်းသီးနှံများကို နေ့စဉ် ငွေကျပ် နှစ်သောင်းဖိုးခန့်ရောင်းချရလို့ အဆင်ပြေကြောင်း၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချရသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း တောင်သူဦးမျိုးက ပြောကြားသည်။

ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိန်းကျေးရွာများတွင် မြေအောက်ရေနှင့်မန်းချောင်းရေကို အသုံးပြု၍ လယ်မြေနှင့်ကိုင်းမြေများတွင် ဆောင်းရာသီ စားဖိုဆောင်ဟင်းသီးဟင်းရွက်၊ ဖူးစားပြောင်းနှင့် ဘုရားပန်းအမျိုးမျိုးကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)