ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ (နပဆ-၁)မှ လာရောက်တင်ဆက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်ဝန်း အတွင်း၌ တင်ဆက်ကပြဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။
တင်ဆက်ကပြဖျော်ဖြေပွဲတွင် အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (နပဆ-၁)မှ ဗိုလ်ကြီးသန်းကျော် ဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးတို့မှ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြမှုဖျော်ဖြေရေး အစီအစဉ်များ၊ တစ်ခန်းရပ် ဟာသပြဇာတ်များ၊ အငြိမ့်အစီ အစဉ်နှင့် မျက်လှည့် လက်လှည့် အစီအစဉ်များဖြင့် ပျော်ရွှင်စွာဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ ကြပြီး ကြွရောက်လာကြသည့် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဒုတိယဌာနချုပ်မှူး ဒုတိယ ဗိုလ်မှူးကြီး ထွန်းသူရနှင့် အရာရှိကြီးများ၊ အရာရှိ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ မြို့ဖများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများမှလည်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)