ပန်းတောင်းမြို့နယ်ရှိ MSME လုပ်ငန်းဖြစ်သည့် “သဘာဝအရသာ” ယိုမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းမှု

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။

မေး။   ။“သဘာဝအရသာ” ယိုမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပုံနဲ့ ယခုလက်ရှိတိုးတက်မှုအခြေအနေကိုလဲ သိပါရစေ။

ဖြေ။    ။ ကျွန်မကတော့ “သဘာဝအရသာ” ယိုမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းကို ကိုဗစ်မတိုင်မီ ၂၀၁၉ ခုနှစ်မှာ ဒေသထွက်သီးနှံများကိုတန်ဖိုးမြင့် ထုတ်ကုန်အဖြစ်ကျန်းမာရေးနှင့် ညီညွတ်စွာ လူတိုင်းနေရာဒေသမရွေး အသင့်စားသုံးနိုင်စေရန် တီထွင်ကြံဆရင်းလူနှစ်ဦးနဲ့ စတင်လုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။ ယခုလက်ရှိအနေထားအရ ခေတ်မီစက်ပစ္စည်းများနှင့် လုပ်သားအရေအတွက် (၇) ဦးနဲ့ ပုံမှန်လည်ပတ်လျက်ရှိရာ ယခင်ကထက် လွယ်ကူလျင်မြန်စွာနဲ့ ထုတ်ကုန်အရေအတွက် ပိုမိုအားကောင်းလျက်ရှိပါတယ်။

မေး။   ။“သဘာဝအရသာ” ယိုမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ ယိုအမျိုးအစားဘယ်နှစ်မျိုးလောက် ထုတ်လုပ်ရောင်းချနေပါသလဲ။

ဖြေ။    ။ကျွန်မတို့လက်ရှိအနေနဲ့ကတော့ သီးနှံရာသီအလိုက် ကတွက်ယို၊ ချဥ်ပေါင်ဖူးယို၊ ရှောက်ယို၊ သံပုရာယို၊ သရက်ယို၊ ဇီးယို၊ ခရမ်းချဥ်သီးယို၊ မရမ်းသီးယို၊ နာနတ်ယိုနှင့် သင်္ဘောယိုဆိုပြီး အမျိုးအစား (၁၀) ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။

မေး။   ။“သဘာဝအရသာ” ယိုမျိုးစုံကို စာသုံးသူမိဘပြည်သူတွေအနေနဲ့ ဘေးဥပါဒ်မရှိစေရအောင်ဘယ်လို ထုတ်လုပ်စီမံဆောင်ရွက်ထားရှိပါသလဲ။

ဖြေ။    ။ယိုများကို စားသုံးသူမိဘပြည်သူတွေအနေနဲ့ ဘေးဥပါဒ်မရှိကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးစေနိုင်ရန်အတွက် ဓာတုဗေဒဆိုးဆေးနှင့် ကြာရှည်ခံဆေးတွေကို အသုံးမပြုထားပဲ သဘာဝအရသာကို အပြည့်အဝစားသုံးနိုင်ရန် လတ်ဆတ်သောသဘာဝသီးနှံ၊ ဆား၊ သကြား၊ ရေသန့် တို့ဖြင့် အချိုးကျပါဝင်ရောစပ်ကာ အခြောက်ခံစက်၊ ရေငွေ့ခံစက်၊ လေထုတ်အိပ်ပိတ်စက်တွေနဲ့ သန့်ရှင်းလတ်ဆတ်စေရန် ရည်ရွယ်၍ ထုတ်လုပ်ရောင်းချပေးပါတယ်။

မေး။   ။“သဘာဝအရသာ” ယိုမျိုးစုံများအနက်အများဆုံးရောင်းချရတဲ့ ယိုအမျိုးအစားနဲ့ပြည်တွင်း၊ ပြည်ပတင်ပို့ရောင်းချနိုင်မှု အခြေအနေနဲ့ပတ်သက်၍လည်း သိလိုပါတယ်။

ဖြေ။    ။လူကြိုက်အများဆုံးနဲ့ရောင်းအားအကောင်းဆုံးကတော့ ကတွက်ယိုနဲ့ခရမ်းချဥ်ယိုတွေဖြစ်ပြီး ပြည်တွင်းရောင်းချနိုင်မှုအနေနဲ့ကတော့ ပန်းတောင်း၊ ဥသျှစ်ပင်၊ ပြည်နဲ့ထုံးဘိုမြို့များအထိ လက်လီလက်ကား ရောင်းချလျက်ရှိပါတယ်။ ပြည်ပအနေနဲ့ကတော့ အခုလက်ရှိမှာတင်ပို့ရောင်းချနိုင်ခြင်း မရှိသေးပေမယ့် နိုင်ငံတကာအဆင့်မီ ထုတ်ကုန်တစ်ရပ်အနေဖြင့် တင်ပို့ရောင်းချနိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။

မေး။   ။နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်မှု၊ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မှုကိုလည်း သိလိုပါတယ်ရှင်။

ဖြေ။    ။နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအနေဖြင့်နိုင်ငံတော်မှ MSME လုပ်ငန်းများအတွက် ကျပ်သိန်း(၁၀၀)ချေးငွေရရှိခဲ့ပြီး လုပ်ငန်းအတွက် တကယ်လိုအပ်နေသော မီးစက်၊ ရေငွေ့ခံစက်၊ လေထုတ်အိတ်ပိတ်စက်တို့ ဝယ်ယူနိုင်ခဲ့သည့်အပြင် ယိုလုပ်ငန်းအတွက်ထုတ်ကုန်သီးနှံများကိုလည်း ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုလို ဝယ်ယူလိုက်တဲ့အတွက် ထုတ်ကုန်များကို လျှင်လျှင်မြန်မြန် ထုတ်နိုင်ပါတယ်။ ယခင်ကပစ္စည်းများ ထုတ်လုပ်ရာတွင်အလုပ်မတွင်ကျယ်ဘဲ ဝယ်ယူသူတွေလာတဲ့အခါယခုလို လုံလောက်အောင် မရောင်းပေးနိုင်ခဲ့ပါဘူး။ ယခုဆိုလျှင် စက်ကြီးများရရှိလာတဲ့အခါ ယိုဘူးများကို အချိန်ကုန်၊ လူပင်ပန်းသက်သာစွာနဲ့ ထုတ်နိုင်ပြီး ကိုယ်စားလှယ်များကို Cancel လုပ်စရာမလိုဘဲ ပြည့်ပြည့်ဝဝပေးနိုင်ပြီး လက်လီ၊ လက်ကား ရောင်းချနိုင်လျက်ရှိပါတယ်။

မေး။   ။အခုလို MSME အသေးစား၊ အငယ်စားနှင့်အလတ်စား လုပ်ငန်းများလုပ်ကိုင်လိုသည့် တက်သစ်စ လူငယ်လုပ်ငန်းရှင်တွေကိုလည်း အကြံပြုစကားလေးလမ်းညွှန်မှာကြားပေးပါဦး။

ဖြေ။    ။အဓိကကတော့ လုပ်ငန်းတွေလုပ်ကိုင်လိုတဲ့ လူငယ်တွေအနေနဲ့ အလုပ်အပေါ်မှာ စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ အရည်အသွေးအပြည့်အဝပေးနိုင်ရမယ်၊ နည်းစနစ်မှန်ကန်ရမယ်၊ ဒါ့အပြင် လုံလဝီရိယနဲ့ လုပ်ငန်းအပေါ်စိတ်အားထက်သန်မှုရှိစွာ ကြိုးစားရင် အောင်မြင်မှုရရှိလာနိုင်တယ်လို့ အကြံပေးပြောကြား တိုက်တွန်းလိုက်ပါတယ်။

တွေ့ဆုံမေးမြန်း- သင်းသင်းအေး (ပြန်/ဆက်)

ဓာတ်ပုံ- လပြည့်လင်း (ပြန်/ဆက်)