ဘားအံ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ တောင်ကလေးဘုန်းတော်ကြီးသင် ပညာရေးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးကဏ္ဍတွင် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး အချက်ပါဝင်သည့်အတွက် လူငယ်များ ဦးဆောင်ဆွေးနွေးသည့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ အစီအစဉ်တင်ဆက်သူအဖြစ် ဘားအံခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး တောင်ကလေးဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ Grade-11 ကျောင်းသူ နန်းအဲမွန္ဒြာလေးက လူငယ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား စောဉာဏ်ဟိန်းက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား စောသင်္ခါနေထူးက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ နန်းလဲ့လဲ့ထွေးက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မခင်ဝင်းဝင်းဆက်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများကမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားများသို့ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၄၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)