ဟားခါး ဇန်နဝါရီ ၂၅
ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကို ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ လ ၂၄ ရက် နံနက် ၁၀ နာရီက ကျင်းပရာ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
လုပ်ငန်းကော်မတီအစည်းအဝေးတွင် ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အစိုးရသည် ဒေသခံ ပြည်သူလူထုများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးပြီး ဆင်းရဲနွမ်းပါးမှုလျှော့နည်းစေရန် စီမံဆောင်ရွက်လျက်ရှိ ပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် ပြည်နယ်၏ဦးစားပေးကဏ္ဍများတွင် တစ်ခုအပါအဝင်ဖြစ် ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးစေရန်ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏လူမှုစီးပွား ဘဝကိုလျင်မြန်စွာတိုက်ရိုက်အကျိုးသက်ရောက်မှုများရှိသကဲ့သို့ အခြားကဏ္ဍများတွင်လည်း ဆင့်ပွားသက်ရောက်မှုများစွာရှိနေကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင် ရန် သက်ဆိုင်ရာခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization-DMO ) များကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားသောမိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ထွန်းပေါ်ပေါက်ပြီး အသင်းအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည်ဆိုပါက ပိုမို အောင်မြင်တိုးတက်လာမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်များနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်းနှင့် ကော်မတီတွင်ပါဝင်သည့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများမှ လက်ရှိအခြေအနေနှင့်ကိုက်ညီပြီး ထိရောက်မှုရှိသည့်လုပ်ငန်းစဉ်များအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အမှာစကားပြော ကြားသည်။
ထို့နောက် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်၍မရပါကြောင်း ၊ အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးဟန် ဇော်လင်းက ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲ ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး Zoom Application ဖြင့် အစည်းအဝေး တက်ရောက်နေသည့်ကော်မတီဝင်များနှင့် ကျွမ်းကျင်ပညာရှင်များက အကြံပြုဆွေးနွေးတင်ပြကြ သည်။
ဆွေးနွေးတင်ပြချက်များပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန် / ဆက်)