ဒိုက်ဦး ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီက ဒိုက်ဦးမြို့ အ.ထ.က(၂)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမော် က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင် က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ငယ်ရွယ်စဉ်မှစ၍ အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးရန်၊ အတွေးအခေါ်ထက်မြက်ဖို့၊ အခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့၊ ပြဿနာများကို နည်းမှန်လမ်းမှန်ဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေဖို့အပြင် ယနေ့လူငယ်တွေစာဖတ်သည့် အကျင့်ကောင်းများရရှိစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေမှရရှိသည့် အသိပညာများကို သူတစ်ပါးအားမျှဝေပေးနိုင်ရန်၊ လူထုအကြားအပြန်အလှန်ဆွေးနွေးမေးမြန်း ဖြေကြားနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြတ်ဇော်ထွန်း၊ မြို့နယ်လူမှူဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်မာသင်းတို့နှင့် အတူ Grade-10 နှင့် Grade-11 တို့မှ ကျောင်းသား/သူ(၄)ဦးတို့က အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမှတ်(၂) အထက်တန်းကျောင်းမှ ဆရာ/မ ၁၀ဦးနှင့် ကျောင်းသား၊သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)