ပုသိမ် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ပညာရှင်များ၊ သက်ဆိုင်ရာဌာနများနှင့် စကားဝိုင်းဆွေးနွေးပွဲ ယမန်နေ့ နေ့လည်ပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများမှ တာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲသူများ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်၀န်ကြီးချုပ်ခရီးစဉ်အတွင်း ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းအဆင့်ဌာနဆိုင်ရာများ မြို့မိမြို့ဖများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် အတွေ့အကြုံရှိပြီးဒေသအတွက် အကျိုးပြုနိုင်မည့် အစုအဖွဲ့များစုဖွဲ့၍ ဒေသ၏အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ပုသိမ်လေဆိပ်နှင့် လမ်းပန်းဆက်သွယ်ရေးများ အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိရာမြို့ရွာများ စနစ်ကျနမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန်၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရောင်းဝယ်ဆောင်ရွက်ရာတွင် ရေကြောင်းခရီးသွားလာရေး၊ ရေကြောင်းကုန်စည် ကူးသန်းရောင်းဝယ်ရေး ပိုမိုဖွံ့ဖိုးတိုးတက်စေရေး စီမံဆောင်ရွက်လျက်ရှိပြီး ရထားပို့ဆောင်ရေးခရီးစဉ်များကိုလည်း အကျိုးရှိရှိအသုံးချရန်၊ စိုက်ပျိုးရေးထုတ်ကုန်များအား ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးကြိုးပမ်းဆောင်ရွက်ကြရန်၊ သမားရိုးကျစိုက်ပျိုးခြင်း နည်းလမ်းများ အသုံးပြုနေ၍မရဘဲ ခေတ်မီစိုက်ပျိုးနည်းစနစ်များအသုံးပြု၍ ဧကကွက်များ အကောင်ထည်ဖော်ဆောင်ရွက်၍ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ငါးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည့် အရင်းအမြစ်များပိုင်ဆိုင်ထားရှိပြီး ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ကျွဲ၊ နွားစသည့်မွေးမြူရေး လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည့် လုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ရန်၊ သစ်၊ ဝါး၊ ကြိမ် အခြေခံသည့် စက်မှုထုတ်ကုန်များအား ကုန်ချောထုတ်လုပ်နိုင်ရေးနှင့် သဘာဝမှရရှိသည့် ပစ္စည်းများစဉ်ဆက်မပြက်ရရှိရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ အရိပ်ရလေကာပင်များ၊ သစ်ပင်သစ်တောများ၊ ဒီရေတောများအား ကမ်းစပ်တစ်လျှောက်နှင့် ဒေသတွင်းဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် ဆွေးနွေးတိုက်တွန်းပြောကြားခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သော်လည်း သီးနှံများပန်းတိုင် အထွက်နှုန်း ရရှိရန်လိုနေပါသေးကြောင်း၊ ပြီးခဲ့သည့်တောင်သူလယ်သမားနေ့တွင် ဖော်ထုတ်ခဲ့သည့်ရလဒ်များအရ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်နွေစပါးသည် ပန်းတိုင်အထွက်နှုန်းရောက်ရှိမည့်နှစ်ဖြစ်၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ အလေးထားဆောင်ရွက်ကြရန် လိုပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာလျာထားဧကများ ပြည့်မီအောင် စိုက်ပျိုးစေရေးနှင့် ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အစေ့ထုတ်ပြောင်း၊ ကော်ဖီနှင့်ရာဘာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လည်း လိုပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး၏ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက် လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အကြုံပြုဆွေးနွေးပေးကြရန်” အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချမှုဌာနစိတ်တာဝန်ခံမှ မြေအသုံးချရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ မျိုးစေ့ဌာနစိတ်တာဝန်ခံမှ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ သီးနှံပိုးမွှားကာကွယ်ရေးဌာနစိတ် တာဝန်ရှိသူမှ သီးနှံပိုးမွှားကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီးနွေးဆွေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးစကားဝိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမြောင်းမြခရိုင်ဦးစီးမှူး၊ ပုသိမ်တက္ကသိုလ်စီးပွားရေးပညာဌာန ကထိက၊ ဝယ်ယူကြိတ်ခွဲကိုယ်စားလှယ်တစ်ဦး၊ တောင်သူကိုယ်စားလှယ်တစ်ဦးတို့မှ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)