တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့

ပုသိမ်    ဇန်နဝါရီ       ၂၅

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရေတာကြီး ကျေးရွာအုပ်စု၊ ထိပ်အုပ်ကျေးရွာရှိ  တောင်သူ ဦးကျော်ကျော်လွင်၏ စိုက်ဧက (၅ ) ဧကတွင် GW -11စပါးမျိုးအား Seeder စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ရိုးပြက်ကျန်ဧကများနည်းပါးစေရေး  ပိုမိုတိုးချဲ့စိုက်ပျိုးရန်မှာကြားခဲ့သည်။ ထို့နောက်  ရေတာကြီး-လက်ပန်ချောင် အမှတ်(၈)မြောင်းတူးဖော်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရေလုံလောက်စွာရရှိပြီးဖြစ်ကာ သီးထပ် စွမ်းအားများပိုမို တိုးတက်စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေများအားအကျိုးရှိစွာသုံးစွဲကြရန် မှာကြားခဲ့သည်။ အဆိုပါ မြောင်းတူးဖော်ပေးခြင်းဖြင့် ရေတာကြီးကျေးရွာအုပ်စုနှင့် လက်ပန်ချောင်ကျေးရွာအုပ်စုတို့ရှိ စိုက်ဧက( ၂၃၀၀)သည် ရေလုံလောက်စွာရရှိမည်ဖြစ်ပြီး နွေစပါးများ ဆက်လက်စိုက်ပျိုးနိုင်မည် ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍  တောင်သူဦး ကျော်ကျော်လွင်၏ လယ်မြေ(၅)ဧက၌ သီးထပ်ရင်ရေကျနောက်စိုက် စပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရေကျနောက်စိုက် မိုးစပါးစိုက်ပျိုးမှု၊ သွင်းအားစုများစနစ်တကျ ထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုး မျိုးစပါးများနှင့် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက် နေမှုများအား ဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများ ထပ်မံစိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင် ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များ အပေါ်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ အဆိုပါ လယ်မြေ(၅) ဧက၌ သီးထပ်ရင် ရေကျနောက်စိုက်စပါးစံကွက် ရိတ်သိမ်းရာတွင်  တစ်ဧကလျှင် ပျမ်းမျှ (၁၁၀)တင်းကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာ အုပ်စုရှိ တောင်သူဦးဝင်းသန်း၏ ပီလောပီနံ (R-72) (၈)လစိုက်ပျိုးထားရှိသည့် စိုက်ဧက(၁) ဧကနှင့် တောင်သူဉီးကျော်မြတ်သူ၏ ပီလောပီနံ (ကိုင်းရှုပ်မျိုး) (၈)လစိုက်ပျိုး ထားရှိသည့်စိုက် ဧက(၂)ဧကတို့၌ပြုလုပ်သည့် ပီလောပီနံတူးဖော်ရိတ်သိမ်းပွဲသို့ တက်ရောက် ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများမှ ပီလောပီနံမျိုးများအလိုက် အထွက်နှုန်းများ၊ ကော်မှုန့်ကြိတ်ခွဲရရှိမှု၊ သက်တမ်းရှည်ကြာစွာ စိုက်ပျိုးထားနိုင်မှုနှင့် ဈေးကွက်ရရှိမှုအခြေ အနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွက်တိုးမျိုးကောင်းများနှင့် ဈေးကွက်ဝင်မျိုးများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကုန်ချောများထုတ်လုပ် နိုင်ရေးဆောင်ရွက်ရန်နှင့် တောင်သူများကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တောင်သူဦးဌေးအောင်၏ စိုက်ဧက(၁၀)ကတွင်စိုက်ပျိုးထားသည့် ဆင်းရွှေကြာ-၂ နေကြာအောင်မြင်ဖြစ်ထွန်းနေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး မြေဩဇာနှင့်ရေ ပေးခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ပိုးမွှားကျရောက်မှု မရှိစေရေးဆောင်ရွက် ရန်နှင့်အောင်မြင်အောင် ဆောင်ရွက်စေရေးမှာကြားခဲ့ပြီး ဒေသခံများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာ အုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ယာ ဘက်ခြမ်းမြောင်းနှင့် သဲကုန်- ညောင်ခြေထောက်မြောင်းတူးဖော်ပြီးစီး၍ တောင်သူများမှ ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင် ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်ပြီးစီး၍ နွေစပါးစိုက်ဧကများအတွက်အကျိုးပြုမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေလုံလောင်စွာရရှိပြီဖြစ်၍ သီးထပ်စွမ်း အားများတိုးမြှင့်စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေကိုအကျိုးရှိစွာ အသုံးပြုကြရန် မှာကြားခဲ့သည်။ အဆိုပါမြောင်းများအားတူးဖော်ပြီးစီး၍ သဲကုန်၊ ကံကလေး၊ ရောင်ပစ်ကွင်း၊ ကျုံဖားရိုး၊ ပန်းတောရိုး၊ ဆိပ်ဖူးနီကျေးရွာအုပ်စုများရှိ နွေစပါး စိုက်ဧက ၇၀၀၀ ခန့် အတွက် အောင်ရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၈၈/၃.၅) မှ  (၈၉/၂.၅)မိုင်အထိ (၇ ဖာလုံ) အား လမ်းလွှာဒီဇိုင်းအရ မူလလမ်းတာဘောင်နှင့် လမ်းလွှာအား တူးထုတ်ဖယ်ရှား၍ သတ်မှတ်လမ်းတာဘောင်အကျယ်နှင့် Slope များရရှိစေရန် Geometric Design အတိုင်း မြေသားလုပ်ငန်း ဆောင်ရွက်ခြင်း၊ လမ်းတာဘောင်အတွင်း Geogid Reinforcement (Geosynthetics material) အသုံးပြု၍ လမ်းအောက်ခံမြေသားဝန် ထမ်းနိုင်မှု ပိုမိုမြင့်မားစေရန် ဆောင်ရွက်ခြင်း၊ Improved Subgrade အလွှာတည် ဆောက်ခြင်း၊ (၃ဝပေ)(၉.၁၄)မီတာအကျယ် ကွန်ကရစ် လမ်းတည်ဆောက်ခြင်းနှင့် အမာခံလမ်းပုခုံး တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ပြီးမှု ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်မှုများ အရည်အသွေး ကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထားဆောင် ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)