ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုး လမ်း၊ တံတားများ ပြုပြင်တည် ဆောက်ခြင်းဆောင်ရွက်

ကျွန်းလှ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုး ကျေးရွာတွင်း လမ်း၊ တံတားများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

“အင်းကောင်းကျေးရွာဟာ ကျွန်းလှမြို့ရဲ့ အနောက်ဘက် ကျွန်းလှ - သဖန်းဆိပ်ဆည်သွား ကားလမ်းဘေးမှာရှိပါတယ်။ အိမ်ခြေ (၃၇၈) အိမ်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။ ကျေးရွာမှာ အဓိကလမ်းမကြီး (၅) လမ်း၊ လမ်းသွယ် (၁၁) လမ်းရှိပါတယ်။ မိုးတွင်းကာလ သွားလာရေးခက်ခဲတဲ့အတွက် အလှူရှင်များ၊ ကျေးရွာသူရွာသားများပူပေါင်းပြီး လမ်းနှစ်လမ်းဂျင်းမြေခင်းခြင်းနဲ့ ကွန်ကရစ်တံတား ခြောက်စင်း တည်ဆောက်ပြီးဖြစ်ပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောသည်။

အဆိုပါ ကျေးရွာတွင်း လမ်းတံတားများ ပြုပြင်တည်ဆောက်ခြင်းကြောင့် ရေစီး‌ရေလာကောင်းမွန်ပြီး ရဟန်းရှင်လူပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအဆင်ပြေကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများထံမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ