တွန်းဇံ ဇန်နဝါရီ ၂၅
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည် ထောက်ပံ့ရန်ပုံငွေ ရယူထားသော စိုက်ပျိုးရေးတောင်သူများအား သဘာဝမြေဆွေးပြု လုပ်နည်းနှင့် ဝဥစိုက်ပျိုးနည်း လက်တွေ့သရုပ်ပြခြင်းကို ခေါလိုင်/ဂိုးဇန်ရပ်ကွက်ရှိ စိုက်ပျိုးရေး ဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ခြံဝင်း၌ ဇန်နဝါရီ ၂၄ ရက် နံနက်(၁၀)နာရီ အချိန်ကပြုလုပ်သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုဆန်းက သဘာဝမြေဆွေးပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းတင်ပြကာ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ မြို့နယ်ဦးစီးမှူး ဦးထန်ခန့်ကပ်က လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ဦးကိုဆန်းက ဝဥ စိုက်ပျိုးနည်းကို လက်တွေ့သရုပ်ပြကာ တက်ရောက်သည့်တောင်သူများအား လက်တွေ့ပြု လုပ်စေခဲ့သည်။
အဆိုပါ သဘာဝမြေဆွေးပြုလုပ်နည်းနှင့် ဝဥစိုက်ပျိုးနည်း လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးရွာ စီမံကိန်းကြီး ကြပ်မှုကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်(၂)ခုအပါအဝင်၊ တွီးတူမ်းကျေးရွာနှင့် တုန်းတွောင်ကျေးရွာတို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ ရန်ပုံငွေ ရယူထားသောတောင်သူများ စုစုပေါင်း(၇၁)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
ဇိုဇွန်းပါလ်(ပြန်/ဆက်)