လပွတ္တာ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အခြေခံပညာအထက်တန်း ကျောင်းကြာကန်၌ အလယ်တန်း အဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး အတတ်ပညာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လပွတ္တာစိုက်ပျိုးရေးဦးစီးဌာန၊ လပွတ္တာအစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး၊ အထကကြာကန် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
လာမည့် ပညာသင်နှစ်တွင်စတင်၍ စာသင်ကြားနိုင်ရေး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အလယ်တန်းအဆင့် အောင်ကျောင်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများကသိရှိလို သည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(လပွတ္တာ)