နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်  မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

နန်းယွန်း အောက်တိုဘာ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ပြုလုပ်သည်။

ဖွင့်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘာမန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ပြင်ဆင်မှုများ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ လုံခြုံရေးနှင့် ရွေးကောက်ပွဲပြစ်မှုပြစ်ဒဏ်များ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရန်/ရှောင်ရန်များနှင့် သရုပ်ပြခြင်းကို သင်ကြားပို့ချပေးမည်ဖြစ် ကြောင်းသိရသည်။

နန်းယွန်းမြို့နယ်တွင် အမှတ်(၁)၊ (၂)မဲဆန္ဒနယ် နှစ်ခု၊ မဲရုံ (၈၂)ရုံ ရှိပြီး အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး(၁၆၄)ဦးရှိရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ အောက်တိုဘာလ(၂၉)ရက်မှ (၃၀)ရက်ထိ နှစ်ရက်တာသင်တန်းပို့ချပေး မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

ဟန်ကမ်း(ပြန်/ဆက်)