ပေါင်းတည် ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အ.လ.ကခွဲ(မှတ်တိုင်လမ်း)ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ကျောင်း၏ရွှေတည်ရတနာခန်းမဆောင်တွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်နာယကနှင့်အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် ဖိတ်ကြားထားသော ကျောင်းအသီးသီးမှ ဆရာကြီး၊ ဆရာမကြီးများ စုံညီစွာတက်ရောက်ကြသည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းကို သံပြိုင်သီဆိုကာဖွင့်လှစ်ပေးပြီးနောက် ဦးစွာ အ.လ.ကခွဲ(မှတ်တိုင်လမ်း)ကျောင်းအုပ်ကြီးဦးရဲမင်းထက်က အဖွင့်အမှာစကားပြောကြားရာ၌ ပညာရေးစုံညီပွဲတော်များကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ၌ ကျောင်း၏တိုးတက်မှုအခြေအနေ၊ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဆက်လက်ကြိုးပမ်းအားထုတ်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပူးပေါင်းဆောင်ရွက်ပေးကြသော ကျောင်းအကျိုးတော်ဆောင်များနှင့်မိဘပြည်သူများအား ကျေးဇူးတင်စကားပြောကြားခဲကြောင်းနှင့် ကျောင်းအကျိုးတော်ဆောင် နာယက ဦးမြင့်ဆွေက ကျောင်းအဆင့်မြှင့်တင်တိုးတက်လာပုံအကြောင်းကို အကျယ်တဝံ့ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဂုဏ်ပြုလွှာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အပါအဝင် ကျောင်းတွင်း ပညာရည်ချွန်ဆုများ၊ စာပေဆုများ၊ သင်ကြားရေးဆုများ၊ သင်ထောက်ကူဆုများ၊ အားကစားဆုများ၊ ကျောင်းသာယာစိုပြေဆုများကို ကျောင်းအကျိုးတော်ဆောင်များ၊ စေတနာရှင် ကျောင်းသားမိဘများ၊ ကျောင်းအုပ်ဆရာကြီးနှင့်တကွဆရာ၊ ဆရာမများကအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများနှင့် ဖျော်ဖြေတင်ဆက်ပေးကြကြောင်းသိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းကို သံပြိုင်သီဆိုကာ အခမ်းအနားကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။
သူရကြီး (ပြန်/ဆက်)