ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ အသင်းတော်ခန်းမဆောင်တွင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့ ဌာနဆိုင်ရာများ ပြည်သူများနှင့်တွေ့ဆုံ

ရွှေသောင်ယံ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ အသင်းတော်ခန်းမဆောင်တွင် ယနေ့နံနက်(၈)နာရီက  တိုင်းရင်း‌သားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း ဆိုင်ရာအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခြင်း၊ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးက မိတ်ဆက်စကားပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် လူမှုရေးပင်စင်များပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တာဝန်ခံအရာရှိက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိက အမုန်းစကားနှင့် လူမျိုးပြုန်းစေမှုတားဆီးရေးသိမှတ်ဖွယ်ရာများ ရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေသောင်ယံမြို့ဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ ရှင်းလင်းခြင်းဖြင့် သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းကောက်ယူခြင်းဖြင့် အခမ်းကိုဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ တိုင်းအဆင့်၊ ခရိုင်အဆင့်အကြီးအကဲများ၊ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)