မော်လမြိုင်ကျွန်းမြို့နယ်အတွင်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်း အဖွဲ့ ဒေသခံပြည်သူများနှင့်ကွင်းဆင်းတွေ့ဆုံပွဲ ပြုလုပ်

မော်လမြိုင်ကျွန်း၊ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံပွဲကို မိဿလင်ကုန်း ကျေးရွာ၊ကျားချောင်းကျေးရွာ၊ မြတ်သာဦးတိုကျေးရွာ၊ ကျွဲခြံကျုံလမုကျေးရွာ၊ မိဿလင်ကုန်းကျေးရွာရှိ ပါရမီရှင်ဗိမ္မာန်တော် ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းစဥ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကိုပြည်သူများ သိရှိနားလည်စေရေးရှင်းလင်းခြင်း၊ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံရေးအား သတ်မှတ်သည့်အကြိမ် အရေအတွက်အတိုင်းထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ သူများအေးချမ်းစွာပညာသင်ကြားနိုင်ရေး လုံခြုံဆိုင်ရာကိစ္စရပ်များဆွေးနွေးခြင်း၊ နွေးစပါး၊ မိုးစပါး၊ နေကြာနှင့် ဆောင်းသီးနှံများအားသတ်မှတ် ကာလအတွင်းလျာထားချက်ပြည့်မှီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး၊ လယ်မြေ (၁) ဧကလျင် စပါး (၁၀) တင်းနှုန်းပိုမိုထွက်ရှိရေး၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေများအား ပြေကြေစွာပေး သွင်းနိုင်ရေး၊ သမဝါယမဦးစီးဌာန၏ ချေးငွေများအား ပြန်လည်ပေးဆပ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်များကိုပူးပေါင်း ဆောင်ရွက်ရန် စသည့်အကြောင်းအရာများရှင်းလင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်က ရပ်/ရွာအေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အထောက်အကူပြု အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိရေး၊ အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အဦများတွင် နေ့/ည လုံခြုံရေးချထားစေရေး ကိစ္စရပ်များရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲမှူး ဦးမိုးစိန်က ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ယခင်နှစ်ထက် (၅၀) ရာခိုင်းနှုန်း လျှော့ချ‌ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တရားမဝင်သယ်ဆောင်မှုနှင့် လောင်းကစားမှုများ ပြုလုပ်မှုမရှိစေရေးစသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံပြည်သူများစုစုပေါင်း (၄၈၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)