ပခုက္ကူမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

ပခုက္ကူ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးကြီး၌ ခရိုင်နှင့်မြို့နယ်အဆင့် နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် နိုင်ငံ့ဝန်ထမ်းများအား ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ပခုက္ကူခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး Pfizer အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်မှစတင်၍ ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့ဝန်ထမ်းစုစုပေါင်း (၁၃၃၀)ဦးထိုးနှံပြီးစီးခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တက်လူ(ယောဧရာ)