လှိုင်းဘွဲ အောက်တိုဘာ ၂၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး အတွက် အထူးရဲ သင်တန်းသားများအား အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲ ကို ယမန်နေ့က အ.လ.က(၂) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် လှိုင်းဘွဲမြို့နယ်မှူး ရဲမှူး ဆန်းဦးက အထူးရဲ သင်တန်းသားများအနေဖြင့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် သင်တန်းသားများအား လိုအပ်သော အချက်အလက်များကို သင်ကြာပေးခဲ့ပြီးဖြစ်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရန် ပြောကြား ခဲ့ပြီး မြို့နယ်စခန်းမှူး ဒုရဲမှူးအောင်ကျော်မိုးက မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် တက်ကြွစွာနှင့် အမှားအယွင်းမရှိ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၈၈)ဦး တက်ရောက်ခဲ့ပြီး လှိုင်းဘွဲမြို့နယ်အနေဖြင့် စုစုပေါင်း မဲရုံ(၁၇၆) ရုံရှိရာ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နှင့် ရှမ်းရွာသစ်မြို့များတွင် အထူးရဲ(၁၇၆)ဦး ထားရှိ တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)