ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဒေသနေပြည်သူများ လေ့လာနိုင်ရန်အတွက် ဆောင်းသီးနှံများစိုက်ပျိုးထား

ရှမ်းရွာသစ် ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများအား စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်းရာသီကာလရောက်ပြီဖြစ်၍ ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များကို ဒေသနေပြည်သူများ လေ့လာနိုင်ရန်အတွက် စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရာတွင် သဘာဝမြေဩဇာဖြစ်သော ဆိတ်ချေး၊ ကြက်ချေး၊ နွားချေးများကိုသာ အသုံးပြုထားပြီး စိုက်ပျိုးထားကြောင်း၊ ဆောင်းသီးနှံများသည် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် ဒေသနေပြည်သူများ အများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြသည့် သီးနှံများဖြစ်ကြောင်း၊ အဆိုပါသီးနှံများစိုက်ပျိုးသည့်အချိန်တွင် တောင်သူများအား ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများရရှိရေးအတွက် နည်းပညာပံ့ပိုးမှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရုံးဝင်းထဲတွင် မုန်လာပင်၊ ခရမ်းပင်၊ ငရုပ်ပင်၊ ဘူးပင်၊ နံနံပင်များကို စိုက်ပျိုးထားသည့်အတွက် ဒေသနေပြည်သူများ စားသုံးနိုင်ရန်နှင့် နည်းပညာများ လေ့လာရန် အဓိကထားစိုက်ပျိုးထားကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဆောင်းရာသီကာလတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်လုပ်ငန်း၊ ဉယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)