ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနှမ်းစိုက်ဧက ၁၅၇၄၂ ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆီစားသုံးမှုဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဒေသခံတောင်သူများ စိုက်ပျိုးခဲ့သည့် ဆောင်းနှမ်းစိုက်ဧက ၁၅၇၄၂ ဧကမှာ ဇန်နဝါရီ ဒုတိယပတ်က ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဆောင်းနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် တစ်မြို့နယ်လုံး ဆောင်းနှမ်းစိုက်ဧက ၆၅၀၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၁၅၇၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ မြို့နယ်အတွင်း ဆီစားသုံးမှုဖူလုံစေရန်အတွက် ကြိုးပမ်းစိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံ နှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာလ တတိယပတ်ကစပြီး စတင်ရိတ်သိမ်းခဲ့ရာ ယခုလ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နဲ့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေရရှိဖို့အတွက် တစ်မြို့နယ်လုံး ဆောင်းနှမ်းစိုက်ဧက ၆၅၀၀ လျာထားစိုက်ပျိုးခဲ့ပြီး အမှန်တကယ် မြေပြင်စိုက်ပျိုးပြီးစီးမှုဧက ၁၅၇၄၂ ဧက စိုက်ပျိုးနိုင်ခဲ့လို့ သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒေသခံတောင်သူတွေ အားထားစိုက်ပျိုးခဲ့တဲ့ ဆောင်းနှမ်းစိုက်ခင်းတွေဟာ အသီးများ ရင့်မှည့်လာပြီဖြစ်လို့ နွေသီးနှံ အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာ တတိယပတ်လောက်ကစပြီး ဒေသခံတောင်သူတွေက ဖြိုင်ဖြိုင်ရိတ်သိမ်းခဲ့ရာ ယခုလ ၁၅ ရက်နေ့မှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါတယ်။ ဆောင်းနှမ်းအထွက်နှုန်းအနေနဲ့က တစ်ဧကကို ပျမ်းမျှ ၈ ဒသမ ၂၅ တင်းခန့်ထွက်ရှိပြီး နှမ်းဈေးကောင်းရရှိလို့ တောင်သူတွေ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။ 

ပွင့်ဖြူမြို့နယ်၌ နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီများတွင် ဒေသခံတောင်သူများက သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဈေးကွက်ရှိသည့် နှမ်း၊ မြေပဲ၊ နေကြာ ပန်းနှမ်း၊ ဖူးစားပြောင်း၊ ကြံသီးနှံနှင့် အခြားပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)