ပေါက်ခေါင်း ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို အ.ထ.က (အိုးဘိုကုန်း) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ.ထ.က (အိုးဘိုကုန်း) မှ ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဆရာမကြီး ဒေါ်သန်းသန်းဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်အား ပြောကြားရာတွင် အခြေခံပညာကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် ဆရာ/ဆရာမများ၊ကျောင်းသား မိဘများမှ ပူးပေါင်းဆောင်ရွက်မှသာ ထူးချွန်ထက်မြက်သောကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းနှင့် ကောင်းမွန်သောဘဝတစ်ခုကိုတည်ဆောက်နိုင်ရန်အတွက် အဓိကအချက်က သင်ကြားခဲ့သော ပညာများကိုအခြေခံ၍ တိုးတက်ကောင်းမွန်အောင်ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှတာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာမကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ကြပြီး၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာအောင်သင်ကြားပြသ ပေးသော ဆရာ၊ ဆရာမများနှင့် ကျောင်းပျက်ရက်မရှိ သင်ကြားပေးသည့် ဆရာ၊ ဆရာမများကိုလည်း ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။ ယင်းနောက်ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေကြပြီး အခမ်းအနားကို ဇာတိမာန်သီချင်းသီဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)